Showing posts with label ည. Show all posts
Showing posts with label ည. Show all posts

Monday, December 12, 2016

ဂျွန် - ၁

ဂျွန် - ၁

အသက် ၁၅ နှစ်ရောက်တော့ ဂျွန်ဟာ လိင်တူ (ကောင်မလေး) တစ်ဦးဆီ တရားဝင် ပိုးပန်းခြင်းအမှုကိုစပြီးပြုတယ်။ ကျောင်းတော်၊ စာတိုက်ပုံး၊ Gmail၊ Public Telephone ဒါတွေဟာ ဂျွန့်ရဲ့ သင်္ကေတဖြစ်တယ်။ အဲ့ဒိတုန်းက သူ့အသုံးအနှုန်းအရဆိုရင်တော့ မြတ်နိုးခြင်းရယ်ပါတဲ့လေ။ တစ်နှစ်ပတ်လုံးမှာ ၅ ခါလောက် လက်ဖဝါးလေးကိုင်ဖူးရုံ၊ နောက်ပြီး နှုတ်ခမ်းချင်းနမ်းတယ်ဆိုတာ မင်းကိုငါပိုင်တယ်လို့ အဓိပ္ပါယ်ဖွင့်ခဲ့။ အကြင်အမျိုးသမီးကိုလည်း ယူဇနာပေါင်းများစွာတိုင်သာတဲ့ လဝန်းပမာ တမေ့တမော ငေးခဲ့။ ခြူးတစ်ပြားတောင်မရှာနိုင်သေးတဲ့ ဂျွန်ဟာ သူ့ရဲ့သိပ်ကြီးမားတဲ့ချစ်ခြင်းနဲ့ အရာရာကို ဝယ်ယူဆောက်တည်မယ်လို့ ညနေစောင်းချုံကွယ်တွေမှာ တဖွဖွ ကတိတွေပေးဖူး။ ၂ နှစ်ခွဲပတ်လည်၊ မိုင်တိုင်ပေါင်း ၁၅၀၊ တင်ပါး ရင်သားဆိုတာကို ဂျွန်ဟာ တစ်ချို့ Web တွေကတစ်ဆင့် ဖန်သားပြင်တွေပေါ်မှာပဲ တွေ့ကြုံဖူးရှာခဲ့။ ဒီလို မှတ်ဥာဏ်ကို ဂျွန်တစ်ယောက် အခု စာရေးတုန်း ပြန်တွေးမိတော့ နှုတ်ခမ်းတစ်ခြမ်းပြုံးရင်း ခေါင်းလေးတခါခါနဲ့ပေါ့။ ချစ်တယ် တစ်လုံးပြောရုံနဲ့ လူနှစ်ယောက် တစ်သက်လုံးအတူရှိနိုင်ဖို့ လုံလောက်မယ်လို့ သူယုံကြည်ခဲ့ဖူးရှာတယ်ဆိုတာကို အခုဂျွန်ဟာ ဘယ်လိုယုံပေးရမှန်းကိုမသိတော့။
ကြားနေရတဲ့ နှလုံးခုန်သံ ဘယ်အချိန်ရပ်သွားမလဲ နောဧ
လှေနဲ့သယ်သွားမယ့်အထဲ ကိုယ့်နာမည်မပါတာ အထူးတလည် ဝမ်းမနည်းဘူး
ဒီကနေထွက်သွားရလည်း ကူးတို့ခပေးပြီး လှေစီးရမှာပဲ မထူးဘူး
ည ... မှောင်တယ် တိတ်တယ်
နှလုံးခုန်သံတွေကသာ ဆူလွန်းတယ်

အမည်နာမတော်အောက်

(အမည်နာမတော်အောက်)

ဘုရားသခင်ဟာ လူတွေကြားထဲ ကိုယ်ထင်ပြလေရဲ့
ဒါကို ကလေးငယ်ရဲ့ မျက်ဝန်းတွေထဲ ကျနော်မြင်တယ်
Zodic Sign တွေ သက်ရောက်မှုရှိတယ်ဆိုတာကို
The Perfectionist ဆိုတဲ့ ကိုယ့်ကိုယ်ကိုမှာ မြင်တယ်
ခြင်္သေ့ကြီးရဲ့လည်ဆံမွေးက အေသီနာရဲ့ ချိန်ခွင်ပေါ်ရောက်တော့
ငှက်မွှေးထက်လေးနေလေရဲ့
ဒါပေမယ့် အေသီနာဟာ
သူ့ကိုယ်ပိုင် ကောင်းကင်ဘုံတံခါးကို ဖွင့်ပေးလိုက်တယ်
ချစ်ခြင်းရဲ့ အမည်နာမတော်အောက် ...

ည

ည
ည
သက်ပြင်းတွေ အခါခါချ
ထကြည့်တော့ ကြယ်တွေကြွေကြွေကျ
ည
ည
လွမ်းသလိုပေါ့ဗျ
ပြန်လာပါတော့ဟ

Sunday, November 6, 2016

လီဗာကို ခပ်ပါးပါးဆွဲရင်း ဆောင်းညနေ ညနေစောင်းဆို
စပါးခင်းတွေ၊ ကြံခင်းတွေ၊ နှမ်းခင်းတွေရဲ့ဘေး အဝေးပြေးလမ်းမပေါ်ကို
ကျနော်ရယ် ဆိုင်ကယ်ရယ် လေထွက်ရှူလေ့ရှိတယ်
တစ်ချက်တစ်ချက် ခရမ်းချဉ်ပင်ရဲ့အနံ့ကိုရ၊
တစ်ခါတစ်ခါ မြက်ခြောက်နံ့ကိုရ၊
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ပွဲဈေးတန်းတွေလျှောက်တော့ ကျနော်က မရိုင်းပါဘူး
ခပ်ဝေးဝေးကနေပဲ ခပ်စူးစူးကြည့်ရုံ၊
ဘေးနားဖြတ်သွားတဲ့အခါ သနပ်ခါးနံ့လေးကို ခိုးရှိုက်ရုံ၊
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ရေစပ်စပ်မှာ ဆီမီးလေးတွေ ထိန်ညီးတော့
လရောင်ရဲ့ ဖမ်းစားမှုကို ခံရ၊
မီးရောင်ရဲ့ မြိုက်ရှမှုကို ခံရ၊
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ခုံတန်းလျားလေးမှာ နှင်းတွေစိုလို့
ကိုယ်ငွေ့တွေလည်း ပိုနီးခဲ့
ဂစ်တာသံတွေ မရပ်ခဲ့ဘူး ....
မရပ်ခဲ့ဘူး ....
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
နိုဝင်ဘာမိုး ၂ နှစ်ဆက်တိုက်ရွာဖူးတယ်
ဆောင်းမှာ မိုးစွက်တော့ အိမ်ခန်းလေးထဲမှာ ငြိမ်ကုပ်ခဲ့ကြရပေါ့
မိုနိုပိုလီရယ် ခွေးလေးရယ် စာအုပ်တွေရယ်
ဒါတွေက မူးယစ်စေတတ်၊ စွဲလမ်းစေတတ် ဆိုတာ သိခဲ့ရ၊
ဒါမှမဟုတ် ဒါတွေမှာ မူးယစ်တတ်၊ စွဲလမ်းတတ် ဆိုတာ ကိုယ့်ကိုယ်ကို သိခဲ့ရ
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
လေဖြန်းထားတဲ့ အဘွားရဲ့ အေးစက်စက်ခြေချောင်းလေးတွေကို နှိပ်ပေးခဲ့ဖူးတယ်ဆိုတဲ့ သတိရစိတ်နဲ့ အဘွားရဲ့ အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်သွားတဲ့ညမျိုးဆို၊
အဆုတ်ကင်ဆာဖြစ်နေတဲ့ ဦးလေး ကြယ်နီဆေးပေါ့လိပ်သွားဝယ်ခိုင်းရင်
နှင်းတွေစိုလဲ့နေတဲ့ မြက်နုနုလေးတွေပေါ်ဖြတ်ပြေးခဲ့တဲ့ မနက်နှင်းကွဲချိန်မျိုးဆို၊
သူတို့ အဲ့ဒိမှာ အမြဲရှိတယ် ... တစ်ပုံစံတည်း ... နေပျောက်လေးတွေထဲက အမှုန်တွေကအစ နေရာမယွင်းဘူး
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ကောက်ညှင်းပေါင်းပူပူနဲ့ ပဲပြုတ်
အကြော်ပူပူ၊ ခရမ်းချဉ်သီးထောင်းနဲ့ ထမင်းကြမ်း
မုန့်ပျားသလက် အဖြူတစ်ချပ် အနီတစ်ချပ်
နှပ်ကော်ဖီတစ်ခွက် (သို့) ရေနွေးကြမ်းသုံးလေးခွက်
မနက်စာ ...
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
သိုး
နွား
ကျွဲ
မြင်း
ဝက်
ခွေး
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
သူ့ဖြစ်တည်နေမှုကိုက ကိုယ့်ကို အဖက်မလုပ်တာမျိုး
ကိုယ်က သူစိမ်းတစ်ယောက်လိုမျိုး
ဒီလိုသူ့ပုံစံမှာကို ကိုယ်က ခပ်ရမ်းရမ်း ရမ်းယောင်မိ တမ်းတမိတတ်တာမျိုး
ငယ်မြို့ကလေး ... ပြီးတော့ အဲ့ဒိက ကျနော်နဲ့တူတဲ့ ကလေးလေး
ဒီတစ်ဆောင်းတော့ ဝေးရပြီ။

Admin : ည

တောင့်

တောင့်

အချိန်မရွေး တောင့်လာနိုင်တာ။
ဒါကို အဆင်ပြေတယ် မပြေတယ် မပြောလိုဘူး
အခွေကြည့်တယ် ဒါဟာ တောင့်စရာပဲ
ဖုရင် ထစ်ရင် ပိုတောင် တောင့်တယ်
တောင့်ရတဲ့အကြောင်းတွေလည်း အများသား
ညီမလေးနဲ့ ကျနော် သူငယ်ချင်းတွေပါ
သူနဲ့တုန်းကလည်း တောင့်တာပဲ
ကိုကြီးနဲ့ ကျနော် မောင်နှမဝမ်းကွဲတွေ
ပိုတောင် တောင့်သေးတယ်
ဘွားတော် (မန်နေဂျာမ) အခန်းထဲ စကားပြောနေရင်းလည်း
တောင့်တယ်
တစ်ခါတစ်လေလည်း ကိုယ့်ဘာသာကိုယ် တောင့်နေတာပဲ
အစားအသောက်တစ်ချို့ ပတ်ဝန်းကျင်တစ်ချို့မှာ ကျနော်တောင့်တယ်
တစ်နေ့ကပဲ ဘတ်စ်ကားတိုးရင်း တောင့်မိသေးတယ်
ရုပ်သံမှာ စစ်သတင်းတွေလာနေတယ် ဒါနဲ့လည်း ကျနော် တောင့်တတ်တယ်
ခွေးတွေပိန်ညှောင်နေတာမြင်ရင် တောင့်လာတယ်
ကလေးမုဒိန်းအကြောင်းတွေကြားရတဲ့အခါမျိုးဆို တောင့်လို့ကိုမပြီးတော့တာ
ဖုန်းနံပါတ်အစိမ်းတွေလာရင် တောင့်တယ်
ကားတွေကြပ်တဲ့အခါ တောင့်တယ်
ဒီလိုအခါမျိုးဆို အငွေ့တွေကို အငမ်းမရ အာသာမပြေ တစ်ရှိုက်မက်မက် ထွေးသာဖက်ထားလိုက်ချင်မိတာမျိုး။
တောင့်တယ် ... လူဖြစ်ရတာ သိပ်ကိုတောင့်တယ်
ငါနဲ့ငါအတည့်နေတာတောင် တစ်ခါတစ်ခါ အတော်တောင့်တယ်
အချိန်မရွေးကို တောင့်လာနိုင်တာ။

ည

Monday, October 31, 2016

ချဉ်ပေါင်ကြော်၊ ကြက်သားကြော်၊ လက်ဖက်သုပ်၊ ကြက်ဥပြုတ်
(ထိုအရာသည် ထမင်းချိုင့်ဖြစ်သည်။)
ရထား
ပြတင်းပေါက်ဘေးခုံ
လယ်ကွင်း
ဓာတ်တိုင်
ဓာတ်ကြိုး
ပုစဉ်း
စာကလေး
သံလမ်းကွေ့ချိန် ရထားခေါင်းတွဲ
ရထားဥသြ
မြို့
ရွာ
တဲ
တိမ်
တော
တောင်
နေကွယ်
လေအေး
ည
ကြယ်
လ
ပိုးစုန်းကြူး
ဘူတာဟောင်းကလေး
(အိမ်) ဟု ဆေးမည်းဖြင့်ရေးထားသည့် အဖြူခံခပ်ယိုင်ယိုင်ဆိုင်းဘုတ်လေးအနားတွင် မှိန်တုတ်တုတ်အလင်းဆောင်သောမီးတိုင်လေးတစ်ခုရှိပြီး ၄င်းပတ်ဝန်းကျင်တွင် ပင်စည်တစ်ဝက်ဆေးဖြူသုတ်ထားသော သက်တမ်းရင့်သစ်ပင်အိုများ လေသံတရှဲရှဲမြည်လျက်ရှိသည်ကလွဲ၍ ထိုမြို့ငယ်ကလေး၏ အဝင်သည်သွေ့ဆိတ်ချမ်းကုပ်စွာရှိတတ်သည်။

Admin -ည

Sunday, October 30, 2016

မျက်လုံးထဲမှာ အသေ
နှစ်ကာလများကို ကန့်လန့်ဖြတ်ပြေးခဲ့
အလင်းရဲ့အဟုန်နဲ့ ။
တွင်းနက်ကနှုတ်ဆက်တော့
ရုတ်တရက်ထုံသွားတယ်
သူရပ်လိုက်တော့ နှစ်ကာလများဟာ သူ့ကို ကျော်ဖြတ်နေခဲ့။
သူ့ရဲ့အရှိန်နဲ့အဟုန်ဟာ
တစ်ချိန်လုံး တွင်းနက်ရဲ့ စုပ်ယူမှုကို ပိုအားဖြစ်စေခဲ့
သူဟာ ဝေးဝေးပြေးသူမဖြစ်ခဲ့ဘဲ
သူ့အဟုန်နဲ့သူ တွင်းနက်ဆီ အနီးဆုံး အမြန်ဆုံးပြေးသူ ဖြစ်ခဲ့လေရဲ့။

Admin -ည
နာရီတွေလည်နေတဲ့အသံနဲ့ ကျနော်နဲ့ မတည့်ဘူး
ဒါကို တစ်ခုခု ကွဲအက်နေတဲ့ အသံလို့ ကျေနာ့်နားက ထင်နေတယ်


Admin : ည

Monday, August 29, 2016

တစ်ဖွာပြီးတစ်ဖွာ
တစ်ညပြီးတစ်ည
တစ်စီးပြီးတစ်စီး
ရထားတွေသာ ခုတ်ဖြတ်သွားတယ်
ခရီးသည်ကတော့ စောင့်ဆဲ
ကောင်းခြင်းတွေ ဘ၀ထဲရောက်လာဖို့ စောင့်တာမဟုတ်
စောင့်ခြင်းကသာ ဘ၀ဖြစ်ခဲ့တယ်
ကိုယ့်ကိုယ်ကိုအပေါ်တောင် အတ္တကြီးလိုက်လေခြင်း ....



Admin : ည

The Corrs

“ဘာမဆို ဖြစ်နိုင်တယ် ရင်မှာ အချစ်စစ် အချစ်စစ်ဆို
ကြယ်စင်လို မနက်ဖြန်များ တစ်ချိန်မှာ မင်းကို ဆီးလို့ကြို”

မတင်ဇာမော်ရဲ့ Show ပွဲရှိတယ်ဆိုတာ ဖတ်မိတော့ ဒီသီချင်းလေးကို ပြေးပြီးကြားယောင်မိတယ်
သူမဟာ ကျနော်တို့ ငယ်စဉ်က အလွန်အင်မတန် အရှိန်အ၀ါကြီးခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ
ဒီသီချင်းလေးကို ပြန်သတိရမိတာနဲ့အတူ ဒီသီချင်းရဲ့ Original Singer တွေဖြစ်တဲ့ The Corrs အဖွဲ့ကိုပါ သတိရမိပြန်တယ် (Copy, Own Tune ကိစ္စများ လုံးဝမပါဝင်ပါ)
The Corrs အဖွဲ့ကို သိပြီးသူများအတွက်တော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်ဘူးထင်ပါတယ်
မသိသေးသူများအတွက် ရည်ရွယ်ပါတယ် အကြမ်းထည်လောက်တော့ Wiki ခေါက်စရာမလိုအောင်ပေါ့
The Corrs ဟာ အိုင်းရစ် မောင်နှမ လေးဦးနဲ့ ဖွဲ့စည်းထားတဲ့ Pop Rock Band တစ်ခုပါ
သူတို့ရဲ့ထူးခြားချက်က Pop Rock သီချင်းတွေကို အိုင်းရစ်ရိုးရာသံစဉ်တွေနဲ့အတူ ပေါင်းစပ်ဖန်တီးနိုင်စွမ်းပါပဲ
Composing အပိုင်းမှာ သူတို့ကိုယ်တိုင်ရေးစပ်နိုင်ကြသလို တစ်ယောက်ချင်းစီမှာလည်း တီးခတ်နိုင်စွမ်းကိုယ်စီရှိကြပါတယ်
နောက်ပြီး လေးဦးစလုံးက သိပ်ချစ်စရာကောင်းတယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါပဲ
သူတို့ရဲ့အောင်မြင်မှုတွေဟာ လူယဉ်ကျေးအောင်မြင်မှုလို့ဆိုရမလောက်ကို ငြိမ်းချမ်းခဲ့ပါတယ်
The Corrs တွေဟာ 1994 FIFA World Cup (Boston) နဲ့ 1996 Summer Olympics (Atlanta, USA) မှာ ဖျော်ဖြေဖို့ ကမ်းလှမ်းခံရမှုအပြီးမှာတော့ Celine Dion ရဲ့ Falling Into You Around the World Tour မှာ Supporting အဖြစ် ပါဝင်ခဲ့ပါတယ် ဒါတွေက ကနဦးအောင်မြင်မှုတွေဖြစ်လာတယ်
1995-2002 ဟာ သူတို့ရဲ့ ရွှေခေတ်ဖြစ်ခဲ့တယ်
Debut Album ဖြစ်တဲ့ Forgiven, Not Forgotten ဟာ UK နဲ့ Australia မှာ Platinum အဆင့်ဝင်တာက အစပြုပြီး အိုင်းရစ် Band တစ်ခုဖြစ်တဲ့ The Corrs ဟာ ဂီတလောကရဲ့ စောင့်ကြည့်ခြင်းကို ခံလာရတယ်

1997 မှာ Original ထုတ်ပြီး 1998 မှာ Re-release အနေနဲ့ ပြန်ထုတ်ခဲ့တဲ့ Talk on Corners Album ကတော့ The Corrs ရဲ့ ပုံရိပ်လို့ ပြောလို့ရလောက်အောင်ကို အောင်မြင်ခဲ့တယ် 

Multi-Platinum အဆင့်အနေနဲ့ UK နဲ့ Australia မှာချိတ်တယ် နောက်ပိုင်း ဆက်တိုက်အောင်မြင်လာပြီး BRIT Award for Best International Band ဆုအထိ ရခဲ့တယ်

1999 မှာ MTV’s Unplugged ကို Ardmore Studios, Co. Wicklow, Ireland မှာ Live ဖျော်ဖြေခဲ့ပြီး အဲ့ဒိ Live အခွေဟာ 2.7 Million အထိရောင်းချခဲ့ရပါတယ်

2000 ပြည့်နှစ်မှာတော့ အောင်မြင်မှုရဲ့ အဓိကလမ်းကြောင်းပေါ်ကို In Blue ဆိုတဲ့ Pop Album နဲ့အတူ ရောက်လာခဲ့ပါတယ် 

ဒီ Album စရောင်းချခဲ့တဲ့ ပထမဆုံးအပတ်မှာပဲ UK, Ireland, Australia, Germany, Switzerland နဲ့ Australia တို့မှာ အရောင်းစာရင်း နံပါတ် တစ် ဖြစ်ခဲ့တယ် ဒုတိယအပတ်မှာတော့ ဆွီဒင်နဲ့ စပိန်မှာ နံပါတ် တစ် ဖြစ်လာတယ်
အဲ့ဒိ Album နဲ့ပဲ The Corrs တွေဟာ Platinum sales in the US, Double platinum in the UK နဲ့ Quadruple platinum in Australia ဆိုတဲ့ ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်ခဲ့ကြတယ်

အခု Link ချပေးထားတာကတော့ Unplugged အခွေလေးပါ အခွေကြည့်ပြီး နားထောင်ဖူးသူတွေကတော့ အိုင်းရစ်လေးယောက်ရဲ့ ချစ်စရာမျက်နှာလေးတွေကို ပြန်မြင်ယောင်မိကြမယ်ထင်ပါရဲ့ (အခုတော့ အသက်တွေအတော်ကြီးကုန်ကြပြီ)
Zip ဖိုင်ပဲ Download ပေးဆွဲတာတွေ့လို့ Zip အနေနဲ့ပဲ Download Link ကို ပေးထားတာပါ


ညတွေကို အေးချမ်းစေတဲ့ သီချင်းလေးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့ဗျာ

Admin : ည



Caroline Georgine Corr
(Born Dundalk, Ireland, 17 March 1973)
drums, bodhran, backing vocals

James Steven Corr
acoustic and electric guitars, keyboards, backing vocals
(born Dundalk, Ireland, 31 July 1968)

Sharon Helga Corr
violin, backing vocals
(born Dundalk, Ireland, 24 March 1970)

Andrea Jane Corr
lead vocals, tin whistle 
(born Dundalk, Ireland, 17 May 1974)


Add caption