Sunday, November 6, 2016

လီဗာကို ခပ်ပါးပါးဆွဲရင်း ဆောင်းညနေ ညနေစောင်းဆို
စပါးခင်းတွေ၊ ကြံခင်းတွေ၊ နှမ်းခင်းတွေရဲ့ဘေး အဝေးပြေးလမ်းမပေါ်ကို
ကျနော်ရယ် ဆိုင်ကယ်ရယ် လေထွက်ရှူလေ့ရှိတယ်
တစ်ချက်တစ်ချက် ခရမ်းချဉ်ပင်ရဲ့အနံ့ကိုရ၊
တစ်ခါတစ်ခါ မြက်ခြောက်နံ့ကိုရ၊
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ပွဲဈေးတန်းတွေလျှောက်တော့ ကျနော်က မရိုင်းပါဘူး
ခပ်ဝေးဝေးကနေပဲ ခပ်စူးစူးကြည့်ရုံ၊
ဘေးနားဖြတ်သွားတဲ့အခါ သနပ်ခါးနံ့လေးကို ခိုးရှိုက်ရုံ၊
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ရေစပ်စပ်မှာ ဆီမီးလေးတွေ ထိန်ညီးတော့
လရောင်ရဲ့ ဖမ်းစားမှုကို ခံရ၊
မီးရောင်ရဲ့ မြိုက်ရှမှုကို ခံရ၊
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ခုံတန်းလျားလေးမှာ နှင်းတွေစိုလို့
ကိုယ်ငွေ့တွေလည်း ပိုနီးခဲ့
ဂစ်တာသံတွေ မရပ်ခဲ့ဘူး ....
မရပ်ခဲ့ဘူး ....
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
နိုဝင်ဘာမိုး ၂ နှစ်ဆက်တိုက်ရွာဖူးတယ်
ဆောင်းမှာ မိုးစွက်တော့ အိမ်ခန်းလေးထဲမှာ ငြိမ်ကုပ်ခဲ့ကြရပေါ့
မိုနိုပိုလီရယ် ခွေးလေးရယ် စာအုပ်တွေရယ်
ဒါတွေက မူးယစ်စေတတ်၊ စွဲလမ်းစေတတ် ဆိုတာ သိခဲ့ရ၊
ဒါမှမဟုတ် ဒါတွေမှာ မူးယစ်တတ်၊ စွဲလမ်းတတ် ဆိုတာ ကိုယ့်ကိုယ်ကို သိခဲ့ရ
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
လေဖြန်းထားတဲ့ အဘွားရဲ့ အေးစက်စက်ခြေချောင်းလေးတွေကို နှိပ်ပေးခဲ့ဖူးတယ်ဆိုတဲ့ သတိရစိတ်နဲ့ အဘွားရဲ့ အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်သွားတဲ့ညမျိုးဆို၊
အဆုတ်ကင်ဆာဖြစ်နေတဲ့ ဦးလေး ကြယ်နီဆေးပေါ့လိပ်သွားဝယ်ခိုင်းရင်
နှင်းတွေစိုလဲ့နေတဲ့ မြက်နုနုလေးတွေပေါ်ဖြတ်ပြေးခဲ့တဲ့ မနက်နှင်းကွဲချိန်မျိုးဆို၊
သူတို့ အဲ့ဒိမှာ အမြဲရှိတယ် ... တစ်ပုံစံတည်း ... နေပျောက်လေးတွေထဲက အမှုန်တွေကအစ နေရာမယွင်းဘူး
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
ကောက်ညှင်းပေါင်းပူပူနဲ့ ပဲပြုတ်
အကြော်ပူပူ၊ ခရမ်းချဉ်သီးထောင်းနဲ့ ထမင်းကြမ်း
မုန့်ပျားသလက် အဖြူတစ်ချပ် အနီတစ်ချပ်
နှပ်ကော်ဖီတစ်ခွက် (သို့) ရေနွေးကြမ်းသုံးလေးခွက်
မနက်စာ ...
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
သိုး
နွား
ကျွဲ
မြင်း
ဝက်
ခွေး
ဒီတစ်ဆောင်းတော့ ဝေးရပြီ။
သူ့ဖြစ်တည်နေမှုကိုက ကိုယ့်ကို အဖက်မလုပ်တာမျိုး
ကိုယ်က သူစိမ်းတစ်ယောက်လိုမျိုး
ဒီလိုသူ့ပုံစံမှာကို ကိုယ်က ခပ်ရမ်းရမ်း ရမ်းယောင်မိ တမ်းတမိတတ်တာမျိုး
ငယ်မြို့ကလေး ... ပြီးတော့ အဲ့ဒိက ကျနော်နဲ့တူတဲ့ ကလေးလေး
ဒီတစ်ဆောင်းတော့ ဝေးရပြီ။

Admin : ည

No comments:

Post a Comment