Monday, December 12, 2016

စက်တင်ဘာက နာကျင်စရာများတယ်

စက်တင်ဘာက နာကျင်စရာများတယ်



ည အိပ်မရဘူး။ အသက်ရှူတွေ အောင့်ထားမိတယ်။ အသက်အောင့်ထားရင်းနဲ့ အမှောင်ကမ္ဘာထဲ သိုးတွေကို ရေတွက်။ သိုးတွေဟာ မပျော်ရှာဘူး။ အလဲလဲ အကွဲကွဲ။ ခြေရင်းမှာ လေလွင့်လူအရိပ်နဲ့ ဆေးလိပ်မီးပွားတွေ တဖွားဖွား၊ခြောက်ခြောက်ခြားခြား။ မီးပြန်ဖွင့်တော့ ငါ့ကျောမှာ ရှရာထစ်ရာ။ ဆေးဖြစ်ဝါးဖြစ်သောက်တဲ့ အရက်တွေ ဆေးညွှန်းထက် ပိုအောင် သောက်မိခဲ့။
ထမင်းလုံးတစ္ဆေလား။ တစ္ဆေမလေးက ချောလိုက်တာ။ ငါ့ကို မုန်းတယ်ပြောပြီး သူ့ပါးကို နမ်းခိုင်းတယ်။ ငါ့ Hoodie ဇစ်ကို ဆွဲဖြုတ်ပြီး ရင်ညွန့်နေရာကနေ သူ့ဆေးလိပ်ကို မီးညှိသွား။
ပါးပေါ်မှာ ရေစက်တွေ။ ငါမငိုပါဘူး။ မနက်ခင်းအလင်းရောင်ခြည်ဟာ ဆောင်းလေတစ်ဝက်နဲ့ ရိုက်ခတ်။ နိစ္စဓူဝအလုပ်တွေဟာ စောက်လုပ်ရှုပ်တယ်။ ဘာအပုပ်ကောင်လဲ၊အဲဒီအပုပ်ကောင်လေးကိုပဲ ငါ့မှာ မက်မောရ။ မီးဖိုဆောင်က အမေ့မေတ္တာတရားကို လှမ်းရှူ။ လူလူသူသူ ဖြစ်နိုင်တာ ဒါလေးပဲ ရှိတယ်လေ။
ကျောပိုးအိတ်ထဲက ဆေးလိပ်စတွေ ခါထုတ်၊ဒဏ်ရာတွေ ထည့်ပြီး ငါထွက်လာတယ်။ မေပယ်ရွက်တွေ မကြွေတဲ့ မြေပြင်၊ သေသေရှင်ရှင် ငါလျှောက်မှာပဲ။ ဆူးလေကို၊ဆူးလေကိုတဲ့၊ချီးညှော်အထပ်ထပ်နဲ့ ကားကြီးပေါ် ငါတက်လာပြီး လတ်ဆတ်တဲ့ လေကို တောင့်တ၊ငါဘယ်လောက်မိုက်သလဲ။
မင်းတို့က လူလား၊ထိုင်ရယ်မိတယ်။ ဓာတ်ပုံတွေထဲ မင်းဟာ ဂြိုဟ်သားလို့ ငါထင်တာ၊လက်ဆွဲနှုတ်ဆက်ရခက်၊ပါးချင်းအပ်ရခက် အခိုက်အတန့်များ။ နေ့လည်စာစားဖို့ အရက်ဆိုင်ထဲ တူတူဝင်ကြ၊ မင်းကားက ဘယ်လောက်ဆီစားကြောင်း၊ ငါ့ဖိနပ်က ဘယ်လောက် ပါးနေပြီဖြစ်ကြောင်း ငါတို့ ပြောမယ်။ ဗျစ်ရည်ဟာ မြင်မြင်ကရာကို ပိုလှစေတယ်။
နေစောင်းစပြုပြီ။ ငါ့အိတ်ထဲက ပိုက်ဆံတွေက ငါ့လိင်စိတ်ဆန္ဒကို ဖြည့်ဖို့ လုံလောက်လား ငါရေတွက်၊ ဒါမှမဟုတ် ရုံးတက်ရုံးဆင်း စကတ်ထမိန်အောက်က ခြေသလုံးသားတွေမှာ FOC ပျော်ရမလား။ သူ(မ)ကို သတိရ။ ကားထဲက အဲကွန်းလေတွေက သူမအတွက် ပို လေပိုဆန်မလား။ ဥာဏ်မမီတာတွေနဲ့ ငါ့ဦးခွံတွေ လေးနေဆဲ။
ဖုန်းခေါ်သံကြားတယ်၊ 000 သုံးလုံးနဲ့။ မျက်နှာစာအုပ်နဲ့ စာအုပ်ပေါ်က မျက်နှာတွေ တွဲမမှတ်မိ။ နေ့ရက်တွေ ပျောက်ဆုံးနေ၊ သူ့နာရေးသတင်းက ရက်စွဲကိုတော့ ငါမှတ်မိ၊ငါသိပ်ပျော်နေခဲ့တာလေ။ စကားတွေ ကရားရေလွှတ်ပြောနေခဲ့တာ။ B52 မီးတောက်နဲ့ budwiser beer၊ Don't let me down နဲ့ လေဆာlight တွေပေါ် ငါ့တကိုယ်လုံးပစ်တင်။
ကဲ လူရာဝင်ပြီ မဟုတ်လား။
ပြန်မလာချင်ဘူး မေမေ၊အိမ်သော့တွေဟာ လိန်ပိန်ကျိုးကြေ။ နယူတန်ရဲ့ Reaction law ကြီး ဘယ်သွားသေနေတုန်း။ Foodchain ဝတ်တတ်တဲ့ ကောင်မလေးနဲ့ ကျွန်တော်ပျော်နေတာ။ ကြယ်တွေအကြောင်း ပုံပြင်ပြောပြခိုင်းတော့ ကျွန်တော်ခေါင်းမော့လှန်ပြီး ရယ်ပစ်တာ။
ခေါင်းငုံ့လိုက်တော့ သစ္စာတရား အသေများ ပြန့်ကြဲ၊။ သိုးတွေ ပြန်ရောက်လာ။ မီးမပိတ်ခင်မေး၊ ပြီးခဲ့တဲ့ စက်တင်ဘာမှာ မင်းတို့ ရယ်နိုင်ခဲ့ရဲ့လား။

No comments:

Post a Comment