Monday, December 12, 2016

စိတ်အသေနဲ့ နေ့တွေ

စိတ်အသေနဲ့နေ့တွေ ______

တစ်ယောက်တည်း တိတ်ဆိတ်နေတာ ရက်တော်တော်ကြာပြီ ...
အဝေးပြေးကားတွေမြင်ရင် တစ်ယောက်ယောက် ပါလာမလားဆိုတဲ့စိတ်နဲ့ မျက်စိတစ်ဆုံး လိုက်ကြည့်မိတယ် ..
မဟုတ်နိုင်ပါဘူးလေဆိုပြီး ငါ့ကိုယ်ငါ အက်ကွဲစွာ လှောင်ရယ်လိုက်တယ်... 
ဒီရက်ပိုင်းတွေမှာ စီးကရက်တွေပိုသောက်မိတယ်.....
မပြောဖြစ်တဲ့စကားတွေဟာ အငွေ့အဖြစ်နဲ့ လေထုထဲရောပါသွားပြီး တစ်စုံတစ်ယောက် ကြားနိုင်ရင် သိပ်ကောင်းမယ်ဆိုတာမျိုးပေါ့ ....
ဘယ်တော့မှမခွဲဘူးဆိုတဲ့ စကားကိုကြားရင် တစ္ဆေတစ်ကောင် ခြောက်ခံရသလို အေးစက်ကြောက်ရွံ့လာတယ် ..
မာကြောတယ်လို့ ထင်ခံရခြင်းရဲ့နောက်မှာ ပြန်တည်ဆောက်လို့မရအောင် ကြွေမွ ပျက်စီးနေတဲ့အရာတွေရှိတယ် ..
ငါ ဒီမှာ သိပ်နွမ်းလျအားငယ်တယ် .. မြင်အောင်ကြည့်စမ်းပါကွယ်...
တင်းတင်းစေ့ထားတဲ့ ငါ့နှုတ်ခမ်းတွေကိုမဟုတ်ဘူး ..
စိုက်ကြည့်လိုက်ရင်တောင် ပြိုတော့မလိုဖြစ်နေတဲ့ ငါ့မျက်လုံးတွေထဲက နွမ်းလျမှုတွေကို...
ဘယ်အရာကများဝေးကွာစေတာလဲ ..
အဲ့ဒီဆံပင် ကွေးကွေးလေးတွေ ဘယ်ရင်ခွင်မှာများ အိပ်ပျော်နေမလဲ..
လမ်းမပေါ်မှာ ခြေစုံရပ်ပြီး ကူရာမဲ့နေတဲ့ ငါ့စိတ်အသေတွေလေ ..
မျက်ရည်တွေဟာ ပိုးပိုးပေါက်ပေါက်ပဲ ..
ပြန်လာစမ်းပါ ..
မခွဲနိုင်ဘူးလို့ပြောပြီး ငါ့ကို ဖက်ထားပေးစမ်းပါ ..
သခင်ကိုမျှော်နေတဲ့ ကျားနာတစ်ကောင်လို အော်ဟစ်ပြီး ငို​ကြွေးလိုက်ချင်တယ်..
ပစ်ထားခံရသမျှ ဒီနှစ်ပိုင်းတွေဟာ သိပ်ရှတတာပဲ ..
လိုအပ်တယ် ..
လိုအပ်နေတယ် ..
ချောင်တစ်ချောင်မှာ ငါ့ကိုယ်ငါ ပစ်ထားပြီး အကြာကြီးငိုပစ်လိုက်ဖို့ တကယ်ကို လိုအပ်နေတယ် ..

No comments:

Post a Comment