Monday, December 12, 2016

ပန်းနုရောင် အစွန်းအထင်း

____ ပန်းနုရောင် အစွန်းအထင်း ____


စကားသံ သဲ့သဲ့ကြားတယ် ..
နိုးတစ်ဝက် အိပ်မက်ဆိုးများနဲ့ ..
စလင်းဘတ် ပန်းနုရောင်လေးဟာ မျက်ရည်တွေထည့်ဖို့လား မေမေ ..
တစ်ယောက်ထဲ စကားတွေပြောနေတဲ့ ကလေးတစ်ယောက် ..
လွယ်အိတ်ကလေး မိုးစိုသွားမှာ သိပ်ကြောက်တာပဲ ..
မှင်ကွက်အစွန်းအထင်းလေးက လွယ်လွယ်နဲ့ ပျောက်မသွားခဲ့ဘူး ..
ချောင်မှာ ငိုနေတဲ့ နာရီ ..
အနီရောင်ဝမ်းဆက်ကလေးကို သိပ်သဘောကျတာပဲတဲ့ ..
အိုင်းလိုင်နာတွေဆွဲပြီး နှုတ်ခမ်းနီ မဆိုးတဲ့ မိန်းမတစ်ယောက်ရှိတယ် ..
ဇစ်ကြိုးလေးပျက်သွားတယ် ..
ပထမဆုံးရတဲ့ မွေးနေ့လက်ဆောင်ဟာ ကတ်ကြေးတစ်လက်တဲ့ ..
သူ အဝါရောင်ကို ကြောက်တယ် ..
ဓာတ်ပုံတွေထဲမှာ ပျော်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ် ..
သူရယ်နေနိုင်သမျှကို ရုပ်သေကားချပ်တွေနဲ့ ထည့်သိမ်းထားခဲ့တာပါတဲ့ ..
စလင်းဘတ်ပန်းနုရောင်လေးက ဇစ်ကြိုးလေးပျက်သွား ..
မှင်ကွက် အစွန်းအထင်းလေးက လွယ်လွယ်နဲ့ပျောက်မသွား ...
အဲ့ဒီနေ့ကစပြီး ဓာတ်ပုံတွေကို ထုတ်မကြည့်ရဲတော့ဘူးတဲ့ ...။

No comments:

Post a Comment