Monday, December 12, 2016

ဘုရားကြိုက်ကြိုက် မကြိုက်ကြိုက် ...
ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်ဆိုတဲ့ မိန်းမပဲ ..
မိုက်မဲလိုက်ပုံများ ..
သူ့ဘဝသူကလွဲရင် ဘယ်သူ့ဘဝကိုမှ မစာနာနိုင်ဘူးတဲ့ ..
ကွဲအက်နေတဲ့ နှလုံးသားကို အစိမ်းလိုက်ဆွဲချုပ်ထားတယ် ...
မငိုပဲ မရှိုက်ပဲ မျက်ရည်တွေကျ ..
စီးကရက်တွေဖွာရတာလောက်
ဘယ်အနမ်းမျိုးကိုမှ မယုံဘူးတဲ့ ..

#ဧငြိမ့်လွင်

ဆူဆိုက္မီဒီယာ

---- ဆူဆိုက္မီဒီယာ -------

သတင်းမီဒီယာမှာ သေကြောင်းကြံစည်မှုတွေပါလာတော့ ...
ရှင်သန်နိုင်သူတွေအတွက်က သာမာန်သတင်းတစ်ပုဒ်အဖြစ်မပို ..။
ဆေးပုလင်းတွေ မော့ချတာ ..
ရေပြင်ကျယ်ထဲ ခုန်ဆင်းတာ ..
လက်ကောက်ဝတ်ကို ဓားနဲ့လှီးတာ ..
တစ်သားတည်း ..
စိတ်နဲ့ တစ်သားတည်း ..။
သွေးစက်လက်နဲ့ ဘရိတ်ဓားလေးတစ်ချောင်း ..
ဆေးပုလင်းအခွံ ..
ရေပြင်ဘေးက ခြေရာ ..
ကျန်ခဲ့ရုံလေးတင် ..။
ရိုးရိုးလေးပါပဲ ..
ဝမ်းနည်း နာကျင်မှု ကြောင့်တဲ့ ..
ကြားဖူးနေကျ စကားလုံးထက် မပိုဘူးမလား ..၊
ကိုယ့်လက်ကောက်ဝတ်ကို
ဓားနဲ့ခွဲချပစ်လိုက်တဲ့အချိန်မျိုးကျမှ ..
ဝမ်းနည်းမှုဟာ
ခန္ဓာကိုယ်​မှာရှိတဲ့ သွေးဆဲလ်တွေထိ
ပျံနှံ့ နာကျင်နေတာ သိလိမ့်မယ် ..။

ဂျွန် - ၁

ဂျွန် - ၁

အသက် ၁၅ နှစ်ရောက်တော့ ဂျွန်ဟာ လိင်တူ (ကောင်မလေး) တစ်ဦးဆီ တရားဝင် ပိုးပန်းခြင်းအမှုကိုစပြီးပြုတယ်။ ကျောင်းတော်၊ စာတိုက်ပုံး၊ Gmail၊ Public Telephone ဒါတွေဟာ ဂျွန့်ရဲ့ သင်္ကေတဖြစ်တယ်။ အဲ့ဒိတုန်းက သူ့အသုံးအနှုန်းအရဆိုရင်တော့ မြတ်နိုးခြင်းရယ်ပါတဲ့လေ။ တစ်နှစ်ပတ်လုံးမှာ ၅ ခါလောက် လက်ဖဝါးလေးကိုင်ဖူးရုံ၊ နောက်ပြီး နှုတ်ခမ်းချင်းနမ်းတယ်ဆိုတာ မင်းကိုငါပိုင်တယ်လို့ အဓိပ္ပါယ်ဖွင့်ခဲ့။ အကြင်အမျိုးသမီးကိုလည်း ယူဇနာပေါင်းများစွာတိုင်သာတဲ့ လဝန်းပမာ တမေ့တမော ငေးခဲ့။ ခြူးတစ်ပြားတောင်မရှာနိုင်သေးတဲ့ ဂျွန်ဟာ သူ့ရဲ့သိပ်ကြီးမားတဲ့ချစ်ခြင်းနဲ့ အရာရာကို ဝယ်ယူဆောက်တည်မယ်လို့ ညနေစောင်းချုံကွယ်တွေမှာ တဖွဖွ ကတိတွေပေးဖူး။ ၂ နှစ်ခွဲပတ်လည်၊ မိုင်တိုင်ပေါင်း ၁၅၀၊ တင်ပါး ရင်သားဆိုတာကို ဂျွန်ဟာ တစ်ချို့ Web တွေကတစ်ဆင့် ဖန်သားပြင်တွေပေါ်မှာပဲ တွေ့ကြုံဖူးရှာခဲ့။ ဒီလို မှတ်ဥာဏ်ကို ဂျွန်တစ်ယောက် အခု စာရေးတုန်း ပြန်တွေးမိတော့ နှုတ်ခမ်းတစ်ခြမ်းပြုံးရင်း ခေါင်းလေးတခါခါနဲ့ပေါ့။ ချစ်တယ် တစ်လုံးပြောရုံနဲ့ လူနှစ်ယောက် တစ်သက်လုံးအတူရှိနိုင်ဖို့ လုံလောက်မယ်လို့ သူယုံကြည်ခဲ့ဖူးရှာတယ်ဆိုတာကို အခုဂျွန်ဟာ ဘယ်လိုယုံပေးရမှန်းကိုမသိတော့။
မိုက်မဲလိုက်ပုံများ ..

ခက်ဆစ်အလွဲများ

ခက်​ဆစ်​အလွဲများ
- - - - - - - - - - - -

လူညီရင်​ "ဤ" ကို "ကျွဲ" ဖတ်​တဲ့ အသက်​ကြီး​လေ စကားမပီ​လေပဲ
နိစ္စဓူဝ ဖုန်​​တွေကလည်း မွှန်​လိုက်​တာ
ကိုယ်​​ရော စိတ်​ပါ ​ချောင်း ​တဟွတ်​ဟွတ်
ကံ ကံ ၏ အကျိုးထက်​ ထမင်း သုံးနပ်​ကို
ငဲ့ကွက်​​နေရတဲ့ အဖြစ်​​တွေ
ဘယ်​တရားနဲ့ ​ဖြေ ​ဖြေ မရဘူး ၊
တချို့ ဝဋ်နာကံနာတွေက လည်း အိပ်​ကပ်​ထဲ သွား​လေရာပါ
ပုံသေ နေတဲ့ ပုံသေ နည်းတွေနဲ့ ကျုပ်ကိုလာမတိုင်းစမ်းပါနဲ့
ကျုပ် ဖိနပ် အောက်မှာ
ခင် ဗျားတို့ မ လျှောက်ဖူးတဲ့ လမ်းတွေရှိတယ်
ခင် ဗျားတို့ မ ရောက်ဖူးတဲ့ စခန်းတွေရှိတယ်​ ..
ဘဝမှာ ကိုယ်​ကြိုက်​တာ ကိုယ်​လုပ်​ခွင့်​ရတာဆိုလို့ 
ဗိုလ်​ကျား​သေနတ်​ ပဲရှိခဲ့တယ်
လိမ္မာတယ်​ လို့ သမုတ်​ ခံရဖို့
ကိုယ့်ကို ကိုယ်​ သတ်​​သေ သွားတဲ့ ​ဆ​န္ဒ​တွေ
အ​လောင်းချင်းထပ်​​နေတဲ့ အ​ကြောင်း ခင်ဗျားတို့ကိုရှင်းမပြချင်ဘူး
တချို့ ကလက်​ညိုးထိုးတယ်​ တချို့ က မျက်​​စောင်းထိုးတယ်
ကိုယ်​က ​တော့ သူတို့ ကို ကလိထိုးချင်​တယ်
မ​ပျော်​ဘဲနဲ့ ရယ်​​နေရတဲ့ ဒုက္ခ သိ​စေချင်​ရုံ ။
#လွတ်​ငြိမ်း
ကြားနေရတဲ့ နှလုံးခုန်သံ ဘယ်အချိန်ရပ်သွားမလဲ နောဧ
လှေနဲ့သယ်သွားမယ့်အထဲ ကိုယ့်နာမည်မပါတာ အထူးတလည် ဝမ်းမနည်းဘူး
ဒီကနေထွက်သွားရလည်း ကူးတို့ခပေးပြီး လှေစီးရမှာပဲ မထူးဘူး
ည ... မှောင်တယ် တိတ်တယ်
နှလုံးခုန်သံတွေကသာ ဆူလွန်းတယ်

စိတ်အသေနဲ့ နေ့တွေ

စိတ်အသေနဲ့နေ့တွေ ______

တစ်ယောက်တည်း တိတ်ဆိတ်နေတာ ရက်တော်တော်ကြာပြီ ...
အဝေးပြေးကားတွေမြင်ရင် တစ်ယောက်ယောက် ပါလာမလားဆိုတဲ့စိတ်နဲ့ မျက်စိတစ်ဆုံး လိုက်ကြည့်မိတယ် ..
မဟုတ်နိုင်ပါဘူးလေဆိုပြီး ငါ့ကိုယ်ငါ အက်ကွဲစွာ လှောင်ရယ်လိုက်တယ်... 
ဒီရက်ပိုင်းတွေမှာ စီးကရက်တွေပိုသောက်မိတယ်.....
မပြောဖြစ်တဲ့စကားတွေဟာ အငွေ့အဖြစ်နဲ့ လေထုထဲရောပါသွားပြီး တစ်စုံတစ်ယောက် ကြားနိုင်ရင် သိပ်ကောင်းမယ်ဆိုတာမျိုးပေါ့ ....
ဘယ်တော့မှမခွဲဘူးဆိုတဲ့ စကားကိုကြားရင် တစ္ဆေတစ်ကောင် ခြောက်ခံရသလို အေးစက်ကြောက်ရွံ့လာတယ် ..
မာကြောတယ်လို့ ထင်ခံရခြင်းရဲ့နောက်မှာ ပြန်တည်ဆောက်လို့မရအောင် ကြွေမွ ပျက်စီးနေတဲ့အရာတွေရှိတယ် ..
ငါ ဒီမှာ သိပ်နွမ်းလျအားငယ်တယ် .. မြင်အောင်ကြည့်စမ်းပါကွယ်...
တင်းတင်းစေ့ထားတဲ့ ငါ့နှုတ်ခမ်းတွေကိုမဟုတ်ဘူး ..
စိုက်ကြည့်လိုက်ရင်တောင် ပြိုတော့မလိုဖြစ်နေတဲ့ ငါ့မျက်လုံးတွေထဲက နွမ်းလျမှုတွေကို...
ဘယ်အရာကများဝေးကွာစေတာလဲ ..
အဲ့ဒီဆံပင် ကွေးကွေးလေးတွေ ဘယ်ရင်ခွင်မှာများ အိပ်ပျော်နေမလဲ..
လမ်းမပေါ်မှာ ခြေစုံရပ်ပြီး ကူရာမဲ့နေတဲ့ ငါ့စိတ်အသေတွေလေ ..
မျက်ရည်တွေဟာ ပိုးပိုးပေါက်ပေါက်ပဲ ..
ပြန်လာစမ်းပါ ..
မခွဲနိုင်ဘူးလို့ပြောပြီး ငါ့ကို ဖက်ထားပေးစမ်းပါ ..
သခင်ကိုမျှော်နေတဲ့ ကျားနာတစ်ကောင်လို အော်ဟစ်ပြီး ငို​ကြွေးလိုက်ချင်တယ်..
ပစ်ထားခံရသမျှ ဒီနှစ်ပိုင်းတွေဟာ သိပ်ရှတတာပဲ ..
လိုအပ်တယ် ..
လိုအပ်နေတယ် ..
ချောင်တစ်ချောင်မှာ ငါ့ကိုယ်ငါ ပစ်ထားပြီး အကြာကြီးငိုပစ်လိုက်ဖို့ တကယ်ကို လိုအပ်နေတယ် ..

အမည်နာမတော်အောက်

(အမည်နာမတော်အောက်)

ဘုရားသခင်ဟာ လူတွေကြားထဲ ကိုယ်ထင်ပြလေရဲ့
ဒါကို ကလေးငယ်ရဲ့ မျက်ဝန်းတွေထဲ ကျနော်မြင်တယ်
Zodic Sign တွေ သက်ရောက်မှုရှိတယ်ဆိုတာကို
The Perfectionist ဆိုတဲ့ ကိုယ့်ကိုယ်ကိုမှာ မြင်တယ်
ခြင်္သေ့ကြီးရဲ့လည်ဆံမွေးက အေသီနာရဲ့ ချိန်ခွင်ပေါ်ရောက်တော့
ငှက်မွှေးထက်လေးနေလေရဲ့
ဒါပေမယ့် အေသီနာဟာ
သူ့ကိုယ်ပိုင် ကောင်းကင်ဘုံတံခါးကို ဖွင့်ပေးလိုက်တယ်
ချစ်ခြင်းရဲ့ အမည်နာမတော်အောက် ...

အပိုင်းအစ ( ၃ )

အပိုင်းအစ ( ၃ )

ငါတို့ ဟာ တစ်နေ့ မှာ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြင်မှ မမြင်ဖူးပဲ သေဆုံးသွားကြရမှာ။
ပြီးတော့ လေးဖက်လေးလံ အလုံ ပိတ်ဆို့ ထားတဲ့ နေရာ အကန့် အသတ် အကျယ်အဝန်း
ထဲမှာ ကိုယ့်ကိုကိုယ် စောက်ရမ်း လွတ်လပ်သူကြီးဆိုပြီး ဖင်ကျယ်နေကြတာ။ 
မင်းတို့ နဲ့ ငါ ( ငါတို့ ) ဟာ ဒီ ကမ္ဘာကြီးကို
မသေမချင်း ထိုင်ဆဲရေးတိုင်းထွားနေကြတာ
စောက်ဒုက္ခလာပေးကြတာ။ ငါတို့ ကို မွေးထဲက တံဆိပ်တစ်ခုကပ်ပြီးသား သစ်သားပြားတွေ အထပ်ထပ် ရိုက်ပြီး အမှောင်ချထားတဲ့
သေတ္တာကြီး တစ်ခုထဲက မွဲပြာကျနေတဲ့
အယူအဆတွေ အတွေးအခေါ်တွေ ရိုက်ထည့်
ထားပေးပြီးသား။ ငါတို့ က စောက်တလွဲလူသားတွေပဲ။ မင်းအသိဉာဏ်တွေကို အားမကိုးနဲ့  မင်းဦးနှောက်က အဆိပ်သင့်ဓာတ်ငွေ့ တွေ
လုံလုံလောက်လောက် ရှုရှိုက် သိုမှီးထားပြီးသား ။ သွား •• သန့် စင်လိုက်ဦး ။
သန့် စင်ထားလိုက်ဦး ။ ပကတိ အဖြူ ကို
မင်းဘယ်တော့မှ မရဘူးမဟုတ်လား ။
ပကတိ အဖြူ ကို ငါတို့ ဘယ်တော့မှမရဘူး။
ဘာလို့ လဲ ။ ငါတို့ က ပကတိ လူသားအစစ်တွေ မဟုတ်လို့ ။ နေရာတစ်ခုက ပို့ ချခံထားရတဲ့ အတွေးအခေါ် အဆောက်အအုံထုကြီး
တစ်ခု ကငါတို့ ကို ပုံရိပ်ယောင်တွေဖြစ်စေတာ
ကိုယ့်ကိုကိုယ် စစ်မှန်တယ်လို့ ထင်နေတာ
အတ္တဗဟိုပြု လည်ပတ်နေတာ
သက္ကရာဇ်တွေ လည်နေတာ အသံမထွက်ဘူး
ခေတ်တစ်ခုကနေ နောက်ခေတ်တစ်ခုချိန်းရင်
အသံကျယ်ကျယ်ထွက်တယ် ။
အနောက်မှာ ကျန်ခဲ့တဲ့ လူအုပ်ကြီးက
အရှေ့ က လူတွေကို စောက်ရူးလို့ ဝိုင်းအော်
ကြလိမ့်မယ် ပြီးရင် သူတို့ ပဲ အဲ့ဒီခေတ်ကြီးထဲကလူတွေနဲ့ ရောနှော အသားကျသွားလိမ့်မယ်။ သိပ်နားလည်ရခက်တဲ့ ဘာသာစကားတွေပဲ။ စကားလုံးတွေကို စာရွက်ပေါ်မှာ ရေးတာနဲ့ တင် ငရဲကြီးပြီတဲ့လား ။
သိပ်ကောင်းပါရဲ့ ဗျာ ။ သိပ်ကောင်းပါရဲ့  ။
ငါသာ ဂြိုလ်သားဆို မေးခွန်းတွေ ပေါပေါသီသီ
ထုတ်ချင်စရာ ။ ဟားချင်စရာ ။ ရွံစရာ ပြည့်နေတဲ့ စောက်တလွဲလူ့ အသိုင်းအဝန်း ကမ္ဘာကြီး။
#မိုင်း
၂၀၁၆ ဒီဇင်ဘာ

ပန်းနုရောင် အစွန်းအထင်း

____ ပန်းနုရောင် အစွန်းအထင်း ____


စကားသံ သဲ့သဲ့ကြားတယ် ..
နိုးတစ်ဝက် အိပ်မက်ဆိုးများနဲ့ ..
စလင်းဘတ် ပန်းနုရောင်လေးဟာ မျက်ရည်တွေထည့်ဖို့လား မေမေ ..
တစ်ယောက်ထဲ စကားတွေပြောနေတဲ့ ကလေးတစ်ယောက် ..
လွယ်အိတ်ကလေး မိုးစိုသွားမှာ သိပ်ကြောက်တာပဲ ..
မှင်ကွက်အစွန်းအထင်းလေးက လွယ်လွယ်နဲ့ ပျောက်မသွားခဲ့ဘူး ..
ချောင်မှာ ငိုနေတဲ့ နာရီ ..
အနီရောင်ဝမ်းဆက်ကလေးကို သိပ်သဘောကျတာပဲတဲ့ ..
အိုင်းလိုင်နာတွေဆွဲပြီး နှုတ်ခမ်းနီ မဆိုးတဲ့ မိန်းမတစ်ယောက်ရှိတယ် ..
ဇစ်ကြိုးလေးပျက်သွားတယ် ..
ပထမဆုံးရတဲ့ မွေးနေ့လက်ဆောင်ဟာ ကတ်ကြေးတစ်လက်တဲ့ ..
သူ အဝါရောင်ကို ကြောက်တယ် ..
ဓာတ်ပုံတွေထဲမှာ ပျော်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ် ..
သူရယ်နေနိုင်သမျှကို ရုပ်သေကားချပ်တွေနဲ့ ထည့်သိမ်းထားခဲ့တာပါတဲ့ ..
စလင်းဘတ်ပန်းနုရောင်လေးက ဇစ်ကြိုးလေးပျက်သွား ..
မှင်ကွက် အစွန်းအထင်းလေးက လွယ်လွယ်နဲ့ပျောက်မသွား ...
အဲ့ဒီနေ့ကစပြီး ဓာတ်ပုံတွေကို ထုတ်မကြည့်ရဲတော့ဘူးတဲ့ ...။

တိမ်

တိမ်
___________________
ကျတော်တို့ ပြိုကွဲသွားကြတယ်
ဝမ်းနည်းစရာ ပေါ့ 
လေနှင်ရာ ပုံသဏ္ဌန် မျိုးစုံ ရောက်ရာပေါက်ရာ
ကျတော်တို့ ရွေ့ လျား လွင့်မျောကြရင်း
တချိန်ချိန်မှာ ………
တစ်ချိန်ချိန်မှာဆိုတာမျိုး တစ်ကယ်ရှိလား
ကျတော်တို့ အားလုံး တချိန်ချိန်မှာ
တစ်ပြိုင်တည်း ပြန်ဆုံကြတယ်
ပြီးတော့ ကျတော်တို့ ပြန်ပြိုကွဲသွားကြတယ် ။



သက်ပြင်းတွေ အခါခါချ
ထကြည့်တော့ ကြယ်တွေကြွေကြွေကျ


လွမ်းသလိုပေါ့ဗျ
ပြန်လာပါတော့ဟ

စက်တင်ဘာက နာကျင်စရာများတယ်

စက်တင်ဘာက နာကျင်စရာများတယ်



ည အိပ်မရဘူး။ အသက်ရှူတွေ အောင့်ထားမိတယ်။ အသက်အောင့်ထားရင်းနဲ့ အမှောင်ကမ္ဘာထဲ သိုးတွေကို ရေတွက်။ သိုးတွေဟာ မပျော်ရှာဘူး။ အလဲလဲ အကွဲကွဲ။ ခြေရင်းမှာ လေလွင့်လူအရိပ်နဲ့ ဆေးလိပ်မီးပွားတွေ တဖွားဖွား၊ခြောက်ခြောက်ခြားခြား။ မီးပြန်ဖွင့်တော့ ငါ့ကျောမှာ ရှရာထစ်ရာ။ ဆေးဖြစ်ဝါးဖြစ်သောက်တဲ့ အရက်တွေ ဆေးညွှန်းထက် ပိုအောင် သောက်မိခဲ့။
ထမင်းလုံးတစ္ဆေလား။ တစ္ဆေမလေးက ချောလိုက်တာ။ ငါ့ကို မုန်းတယ်ပြောပြီး သူ့ပါးကို နမ်းခိုင်းတယ်။ ငါ့ Hoodie ဇစ်ကို ဆွဲဖြုတ်ပြီး ရင်ညွန့်နေရာကနေ သူ့ဆေးလိပ်ကို မီးညှိသွား။
ပါးပေါ်မှာ ရေစက်တွေ။ ငါမငိုပါဘူး။ မနက်ခင်းအလင်းရောင်ခြည်ဟာ ဆောင်းလေတစ်ဝက်နဲ့ ရိုက်ခတ်။ နိစ္စဓူဝအလုပ်တွေဟာ စောက်လုပ်ရှုပ်တယ်။ ဘာအပုပ်ကောင်လဲ၊အဲဒီအပုပ်ကောင်လေးကိုပဲ ငါ့မှာ မက်မောရ။ မီးဖိုဆောင်က အမေ့မေတ္တာတရားကို လှမ်းရှူ။ လူလူသူသူ ဖြစ်နိုင်တာ ဒါလေးပဲ ရှိတယ်လေ။
ကျောပိုးအိတ်ထဲက ဆေးလိပ်စတွေ ခါထုတ်၊ဒဏ်ရာတွေ ထည့်ပြီး ငါထွက်လာတယ်။ မေပယ်ရွက်တွေ မကြွေတဲ့ မြေပြင်၊ သေသေရှင်ရှင် ငါလျှောက်မှာပဲ။ ဆူးလေကို၊ဆူးလေကိုတဲ့၊ချီးညှော်အထပ်ထပ်နဲ့ ကားကြီးပေါ် ငါတက်လာပြီး လတ်ဆတ်တဲ့ လေကို တောင့်တ၊ငါဘယ်လောက်မိုက်သလဲ။
မင်းတို့က လူလား၊ထိုင်ရယ်မိတယ်။ ဓာတ်ပုံတွေထဲ မင်းဟာ ဂြိုဟ်သားလို့ ငါထင်တာ၊လက်ဆွဲနှုတ်ဆက်ရခက်၊ပါးချင်းအပ်ရခက် အခိုက်အတန့်များ။ နေ့လည်စာစားဖို့ အရက်ဆိုင်ထဲ တူတူဝင်ကြ၊ မင်းကားက ဘယ်လောက်ဆီစားကြောင်း၊ ငါ့ဖိနပ်က ဘယ်လောက် ပါးနေပြီဖြစ်ကြောင်း ငါတို့ ပြောမယ်။ ဗျစ်ရည်ဟာ မြင်မြင်ကရာကို ပိုလှစေတယ်။
နေစောင်းစပြုပြီ။ ငါ့အိတ်ထဲက ပိုက်ဆံတွေက ငါ့လိင်စိတ်ဆန္ဒကို ဖြည့်ဖို့ လုံလောက်လား ငါရေတွက်၊ ဒါမှမဟုတ် ရုံးတက်ရုံးဆင်း စကတ်ထမိန်အောက်က ခြေသလုံးသားတွေမှာ FOC ပျော်ရမလား။ သူ(မ)ကို သတိရ။ ကားထဲက အဲကွန်းလေတွေက သူမအတွက် ပို လေပိုဆန်မလား။ ဥာဏ်မမီတာတွေနဲ့ ငါ့ဦးခွံတွေ လေးနေဆဲ။
ဖုန်းခေါ်သံကြားတယ်၊ 000 သုံးလုံးနဲ့။ မျက်နှာစာအုပ်နဲ့ စာအုပ်ပေါ်က မျက်နှာတွေ တွဲမမှတ်မိ။ နေ့ရက်တွေ ပျောက်ဆုံးနေ၊ သူ့နာရေးသတင်းက ရက်စွဲကိုတော့ ငါမှတ်မိ၊ငါသိပ်ပျော်နေခဲ့တာလေ။ စကားတွေ ကရားရေလွှတ်ပြောနေခဲ့တာ။ B52 မီးတောက်နဲ့ budwiser beer၊ Don't let me down နဲ့ လေဆာlight တွေပေါ် ငါ့တကိုယ်လုံးပစ်တင်။
ကဲ လူရာဝင်ပြီ မဟုတ်လား။
ပြန်မလာချင်ဘူး မေမေ၊အိမ်သော့တွေဟာ လိန်ပိန်ကျိုးကြေ။ နယူတန်ရဲ့ Reaction law ကြီး ဘယ်သွားသေနေတုန်း။ Foodchain ဝတ်တတ်တဲ့ ကောင်မလေးနဲ့ ကျွန်တော်ပျော်နေတာ။ ကြယ်တွေအကြောင်း ပုံပြင်ပြောပြခိုင်းတော့ ကျွန်တော်ခေါင်းမော့လှန်ပြီး ရယ်ပစ်တာ။
ခေါင်းငုံ့လိုက်တော့ သစ္စာတရား အသေများ ပြန့်ကြဲ၊။ သိုးတွေ ပြန်ရောက်လာ။ မီးမပိတ်ခင်မေး၊ ပြီးခဲ့တဲ့ စက်တင်ဘာမှာ မင်းတို့ ရယ်နိုင်ခဲ့ရဲ့လား။

အပိုင်းအစ ( ၂ )

အပိုင်းအစ ( ၂ )

နှစ်ကာလတွေရဲ့အလယ်တစ်ခုရောက်တော့
ကျတော်တို့ မြို့ ထဲကို မျက်လှည့်ဆရာ တစ်ယောက် ရောက်လာတယ်။ မျက်လှည့်ဆရာဟာ "ကမ္ဘာ ဦးအစမှာ "လို့ 
နာမည်တပ်ပြီး နေကြာပန်းတွေ နေကို ကျောခိုင်းသွားတဲ့ပုံတစ်ပုံထဲကို
နှစ်ပေါက်အောင်ဆွဲတယ်။
ကင်းဘတ်ပြားတွေတစ်ခုပြီးတစ်ခု မြို့ ရဲ့ 
နံရံထောင့်တွေ ထောင့်အချိုးကွေ့ တိုင်းမှာ
ပုံထပ်လာတယ်။ နေကြာပန်းတွေ နေကို
ကျောခိုင်းသွားကြတော့ ကောင်းကင်က
ဘာအရောင်လဲ ငါအရောင်တွေ မသိဘူးတဲ့။
မျက်လှည့်စရာက မျက်လှည့်ပြနေရင်း
ဟော့ဒါ ပြီးခဲ့တဲ့ အချိန်ကာလတွေပေါ့လို့ 
ပရိသတ်ကို လှမ်းပြောတော့
အားလုံးထပြန်ကုန်ကြတယ် ။
အတိတ်နဲ့ မပတ်သတ်ချင်ကြသူများအဖွဲ့ 
ဖွဲ့ လိုက်ကြ ပီး ။ အတိတ်ကို အစပြန်ဖော်တဲ့
သူတွေကိုတော်လှန်ကြတယ်။
ပန်းသီးကို ဓါးနဲ့ ပေါက်လိုက်တဲ့ပြကွက်ပြီး
တဲ့အခါ ဧဒင်ဥယျဉ်ထဲက မြွေကြီးထွက်လာပြီးငါ့အရေခွံဟာ အမေ့လျော့ခံ ချစ်ခြင်းမေတ္တာပဲလို့ ပြောသွားတယ် ။
ငါဟာ အတော်ကံကောင်းတာပဲ
ငါဟာ အတော်ကံကောင်းတာပဲ
နှစ်ကြိမ်တိတိ အော်ပြီး ပျောက်သွားခဲ့တယ်။
ဆံပင်ရှည်ထားဖို့ မျက်လှည့်စရာက
ကလေးတွေကိုတိုက်တွန်းသံကြားတယ်
ဟစ်ပီ တွေဟာ ဆံပင်အရှည်နဲ့ ဟော့ဒီ
သုံးမြှောင်ကြယ်နဲ့ ကမ္ဘာတစ်ခွင်ပတ်တဲ့
ပုံပြင်တွေကိုပြောပြတယ် ။
သေခြင်းတရားကငါတို့ ကို မရွေးချယ်ခင်
ငါတို့ က သေခြင်းတရားကို ရွေးချယ်ခွင့်
ရှိတဲ့အကြောင်း မြို့ ထဲက လူတွေကို
တရားဟောတယ် ။ ပွဲအစမှာပဲ
" စောက်အရှုံးသမား တေလေဂျပိုးကောင်
အဓိပ္ပါယ်မရှိတာတွေ " ဆူညံသွားတယ် ။
မျက်လှည့်ဆရာ သူ ပန်းချီကားတွေဆီ
်ပြန်သွားခဲ့ တယ်။ ပန်းချီကားတွေက ဘာ စကားမှ မပြောတတ်ကြဘူး။ မင်းတို့ မသိပါဘူးပန်းချီကားတွေက တစ်ခုခု ကိုပြောဖို့ အမြဲအဆင်သင့်ဖြစ်နေကြတာ ။
ညနေရောက်တော့ မြို့ ထဲက ဆင်တစ်ကောင်ကို ရေချိုးသန့် စင်
ပေးနေတာတွေ့ တယ် ။ မင်းဘာရွေးချယ်မလဲလို့ မေးလာတယ်
ရွေးချယ်စရာဆိုတာ ………………
နေကြာပန်းတွေ နေကို ကျောခိုင်းသွားတဲ့
ပန်းချီကားမှာ ဘာအရောင်မှ မထည့်ထားဘူး ။ ကျတော် ရူးသွားတယ် ။
နှစ်ကာလတစ်ခုရဲ့ နောက်ဆုံးနေ့ မှာ
မျက်လှည့်ဆရာဟာ "အလှပဆုံး သေဆုံးသွားတယ် "ဆိုတဲ့ကဗျာ တစ်ပုဒ်ရေး အပြီး သတ်သေသွားခဲ့တယ်
ဆိုတဲ့အကြောင်းသူ့ ကဗျာ ထဲကပဲ သိလိုက်ရတယ် ။
နေကြာပန်းတွေ နေကို ကျောခိုင်းသွားတော့
ကောင်းကင်ကဘာအရောင်လဲ ။
ကျတော့်ကို ပန်းချီကားက တစ်ခုခု ပြောထွက်လာလုဆဲဆဲ ။ ကျတော့်ကို တစ်ခုခု
ပြောဖို့ သူ အဆင်သင့်ဖြစ်နေပြီ ။

22:20 / 15.11.16
#မိုင်း