Tuesday, August 23, 2016

နံရိုးပုံပြင်

နံရိုးပုံပြင်

                                      
အစက ဒီလိုဗျ။
မောင်အာဒမ်တစ်ယောက် ဘယ်အလေလိုက်နေမှန်း မသိခိုက်မှာ
ဧဝနှစ်ယောက်ဟာ ကောက်ကာငင်ကာ တွေ့ကြသတဲ့။


သူတို့အကြောင်းနံရိုးလေးနှစ်ချောင်းနဲ့ ပြောမယ်ဗျာ။
ပထမနံရိုးဟာအရင်က စိတ်ပျက်ပင်ပန်းနေခဲ့တာ မှန်းလို့ရလောက်အောင်ကို ခုကျမှ တက်ကြွရွှင်လန်းနေတာ သိသာလွန်းလှရဲ့။
ဒုတိယနံရိုးကတော့သူ့ကိုယ်သူ နံရိုး မဖြစ်ချင်ဘူးလို့ ငြင်းထားတဲ့ သူ။


ကဲ! နံရိုးလေးတွေရဲ့စကားအချီအချကို နားထောင်ကြည့်ပါဦး။

ဒုတိယနံရိုးဟာစကားစ ရှာနေတယ်။ရမယ့် ရတော့လည်း အဆက်အစပ်မရှိကို စပြောတော့တာပဲ။
“နင် အရင်ခန္ဓာကိုယ်မှာ နေရတာဘယ်လို နေလဲဟင်…။

ပထမနံရိုးလေးကတစ်ချက်ငြိမ်သွားပြီး ခပ်အေးအေးပဲ ပြောတယ်။
“ဒီလိုပါပဲဟာ.. နေရတာ သက်တောင့်သက်သာ မဖြစ်ဘူးလေ။ ပြီးတော့ နံရိုးဆိုတာကလည်း ခန္ဓာကိုယ်မှာ ငါ့အပြင် အများကြီးရှိတာကိုး။ ငါဟာ သိပ်အရေးမပါသလိုမျိုး၊ အဲဒီလို အံဝင်ခွင်ကျမဖြစ်နိုင်တော့ဘူးလို့ ခံစားရတာနဲ့ငါထွက်လာခဲ့တာ။ နင်ကရော။”

ပထမနံရိုးရဲ့စကားအဆုံးမှာပဲ ဒုတိယနံရိုးဟာ တစ်ချက်ပြုံးပြီး သူ့အကျင့်အတိုင်း မြန်မြန်ဆန်ဆန်ပြောတယ်။
“ငါကကျတော့ငါ့ကို နံရိုးလို့ သတ်မှတ်လိုက်ကြတဲ့ အချိန်က စပြီး နံရိုးမဖြစ်ချင်တော့တာဟ။ အဲ့တော့လူယောင်ဆောင်ကြည့်တယ်လေ။ ဒါလည်း  မလွယ်ပါဘူးဟာ။ငါ့ကို တခြားနံရိုးတွေကရော လူသားတွေကပါ ဝိုင်းကျဉ်ကြရော..စံလွဲနံရိုးဆိုပြီးတော့………………..အင်း…တစ်ချို့တလေကတော့ သဘောကောင်းကြပါတယ်။ ပြီးတော့ ငါ့လို နံရိုးတွေလည်း ရှိသေးတယ်ဆိုတာနောက်တော့ ငါတွေ့လာရတယ်။”

စကားလည်းဆုံးရော၊ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားလည်သွားသလို ငြိမ်သက်သွားကြပြန်တယ်။


ခဏကြာတော့ဒုတိယနံရိုးဆီက အသံထွက်လာတယ်၊ဒါပေမယ့် မသဲမကွဲ.. သူ့ဘာသာ တစ်ကိုယ်တည်း တီးတိုးညည်းလိုက်သလိုမျိုးပဲ။
“နင် နံရိုးတစ်ချောင်းကို ချစ်ဖို့ရော စိတ်ကူးကြည့်ဖူးလားဟင်။"

ဘာလို့လဲဆိုတဲ့ ရုပ်နဲ့ ပထမနံရိုးလေးက မျက်လုံးပြူးကြည့်တယ်။

“……………….”“………………………” “ငါ.. ငါနင့်ကို ချစ်သွားလို့ပါဟာ…ဒါပေမယ့် ငါက နံရိုးဆိုတော့ …..” ဒုတိယနံရိုးလေးဟာသူ့စကားကို သက်ပြင်းအရှည်ကြီးနဲ့ ရောချသွားတယ်။

ပထမနံရိုးလေးဟာအေးအေးသက်သာကို ပြုံးလိုက်ပါတယ်။
“နင်ကလည်း ဘာများလဲလို့…………၊စကားမစပ်.. နင်သိလား….လူသားကိုယ်မှာတွယ်ငင် လိုက်ပါနေရလို့ ငါတို့ကို သူတို့က နံရိုးလို့ ခေါ်ကြတာဟ..ခုနင်ရော ငါရောကိုနံရိုးလို့ ခေါ်လို့ မရတော့ဘူးလေ.…ဘယ်သူ့ကိုယ်မှာမှ ဖြည့်စွက်မှီတွယ်ပြီးလည်း မနေတော့တဲ့အတွက် ငါတို့က ငါတို့ ဖြစ်သွားပြီ…။”

ဒုတိယနံရိုးဟာအူတိအူကြောင်နားထောင်နေတယ်။ သူအမီလိုက်နေရတုန်းပဲ…။
ပထမနံရိုးဟာ အဲ့ကျမှ သဘောပေါက်သွားတယ်..သူသိပ်သိုင်းဝိုင်းနေလို့ မရတော့ဘူးဆိုတာ။

“ဒီမှာ… ငါ့ကိုကြည့်ပြီး သေချာနားထောင်ဦး… ငါလည်း နင့်ကို ချစ်တယ်ဟ၊နင့်ကို စတွေ့တည်းက ချစ်တာပဲ၊တကယ်ပြောတာ၊ နေဦး……. နင်က နံရိုး လို့ ပြောဦးမလို့လား....နင်နံရိုးလည်း ဘာဖြစ်လဲ…ငါချစ်တယ်…။”



အင်း…. အဲဒီနေ့ကစပြီးတော့ပေါ့လေ.. နံရိုးလေးတွေဟာ ထောင်လျက်သား ရှိကြရင်  တစ်ယောက်ကို တစ်ယောက် မှီထားကြတယ်၊ လှဲလျက်သား နေရရင်လည်းဘေးချင်းယှဉ်နားကြတယ်

သူတို့ဟာနံရိုးနှစ်ချောင်းသာဖြစ်လို့ အရင်လို နံရိုး၊လူသား ဘုန်းကံ အဆင့်အတန်း တံဆိပ်ကပ်ခွဲခြားခြင်းတွေမတွေ့နိုင်တော့ဘူး။

အရင်လို နံရိုးဆိုတာခန္ဓာကိုယ်တစ်ခုမှာ ဝင်ရောက်ဖြည့်စွက်နေရသလိုသတ်မှတ်ခံရခြင်းမျိုးလည်း မရှိ၊ သူတို့ကို ကြည့်ရတာ.. နံရိုးအချင်းချင်းမို့ တစ်ယောက်ဘဝကိုတစ်ယောက် အလုံးစုံ သိနားလည်ခြင်းမျိုး ရှိနေသလို ဥတုရာသီ အလီလီ ဖြတ်သန်းနေကြတယ်။


အဟမ်း ….ကျွန်တော်တို့မေ့လျော့နေကြတဲ့ ဇာတ်လိုက်ကျော်ကြီး………..
နံရိုး ဟောင်းလောင်းနဲ့မောင်အာဒမ်တစ်ယောက်ဟာဖြင့်
နံရိုးနှစ်ချောင်းကိုခေါင်းတရမ်းရမ်းနဲ့သာ ကြည့်နေရှာပါတော့တယ်။


နမ်မီးဆစ်
17.6.2013
 6:36 Am



No comments:

Post a Comment