Monday, August 29, 2016

တစ်ဖွာပြီးတစ်ဖွာ
တစ်ညပြီးတစ်ည
တစ်စီးပြီးတစ်စီး
ရထားတွေသာ ခုတ်ဖြတ်သွားတယ်
ခရီးသည်ကတော့ စောင့်ဆဲ
ကောင်းခြင်းတွေ ဘ၀ထဲရောက်လာဖို့ စောင့်တာမဟုတ်
စောင့်ခြင်းကသာ ဘ၀ဖြစ်ခဲ့တယ်
ကိုယ့်ကိုယ်ကိုအပေါ်တောင် အတ္တကြီးလိုက်လေခြင်း ....



Admin : ည

The Corrs

“ဘာမဆို ဖြစ်နိုင်တယ် ရင်မှာ အချစ်စစ် အချစ်စစ်ဆို
ကြယ်စင်လို မနက်ဖြန်များ တစ်ချိန်မှာ မင်းကို ဆီးလို့ကြို”

မတင်ဇာမော်ရဲ့ Show ပွဲရှိတယ်ဆိုတာ ဖတ်မိတော့ ဒီသီချင်းလေးကို ပြေးပြီးကြားယောင်မိတယ်
သူမဟာ ကျနော်တို့ ငယ်စဉ်က အလွန်အင်မတန် အရှိန်အ၀ါကြီးခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ
ဒီသီချင်းလေးကို ပြန်သတိရမိတာနဲ့အတူ ဒီသီချင်းရဲ့ Original Singer တွေဖြစ်တဲ့ The Corrs အဖွဲ့ကိုပါ သတိရမိပြန်တယ် (Copy, Own Tune ကိစ္စများ လုံးဝမပါဝင်ပါ)
The Corrs အဖွဲ့ကို သိပြီးသူများအတွက်တော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်ဘူးထင်ပါတယ်
မသိသေးသူများအတွက် ရည်ရွယ်ပါတယ် အကြမ်းထည်လောက်တော့ Wiki ခေါက်စရာမလိုအောင်ပေါ့
The Corrs ဟာ အိုင်းရစ် မောင်နှမ လေးဦးနဲ့ ဖွဲ့စည်းထားတဲ့ Pop Rock Band တစ်ခုပါ
သူတို့ရဲ့ထူးခြားချက်က Pop Rock သီချင်းတွေကို အိုင်းရစ်ရိုးရာသံစဉ်တွေနဲ့အတူ ပေါင်းစပ်ဖန်တီးနိုင်စွမ်းပါပဲ
Composing အပိုင်းမှာ သူတို့ကိုယ်တိုင်ရေးစပ်နိုင်ကြသလို တစ်ယောက်ချင်းစီမှာလည်း တီးခတ်နိုင်စွမ်းကိုယ်စီရှိကြပါတယ်
နောက်ပြီး လေးဦးစလုံးက သိပ်ချစ်စရာကောင်းတယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါပဲ
သူတို့ရဲ့အောင်မြင်မှုတွေဟာ လူယဉ်ကျေးအောင်မြင်မှုလို့ဆိုရမလောက်ကို ငြိမ်းချမ်းခဲ့ပါတယ်
The Corrs တွေဟာ 1994 FIFA World Cup (Boston) နဲ့ 1996 Summer Olympics (Atlanta, USA) မှာ ဖျော်ဖြေဖို့ ကမ်းလှမ်းခံရမှုအပြီးမှာတော့ Celine Dion ရဲ့ Falling Into You Around the World Tour မှာ Supporting အဖြစ် ပါဝင်ခဲ့ပါတယ် ဒါတွေက ကနဦးအောင်မြင်မှုတွေဖြစ်လာတယ်
1995-2002 ဟာ သူတို့ရဲ့ ရွှေခေတ်ဖြစ်ခဲ့တယ်
Debut Album ဖြစ်တဲ့ Forgiven, Not Forgotten ဟာ UK နဲ့ Australia မှာ Platinum အဆင့်ဝင်တာက အစပြုပြီး အိုင်းရစ် Band တစ်ခုဖြစ်တဲ့ The Corrs ဟာ ဂီတလောကရဲ့ စောင့်ကြည့်ခြင်းကို ခံလာရတယ်

1997 မှာ Original ထုတ်ပြီး 1998 မှာ Re-release အနေနဲ့ ပြန်ထုတ်ခဲ့တဲ့ Talk on Corners Album ကတော့ The Corrs ရဲ့ ပုံရိပ်လို့ ပြောလို့ရလောက်အောင်ကို အောင်မြင်ခဲ့တယ် 

Multi-Platinum အဆင့်အနေနဲ့ UK နဲ့ Australia မှာချိတ်တယ် နောက်ပိုင်း ဆက်တိုက်အောင်မြင်လာပြီး BRIT Award for Best International Band ဆုအထိ ရခဲ့တယ်

1999 မှာ MTV’s Unplugged ကို Ardmore Studios, Co. Wicklow, Ireland မှာ Live ဖျော်ဖြေခဲ့ပြီး အဲ့ဒိ Live အခွေဟာ 2.7 Million အထိရောင်းချခဲ့ရပါတယ်

2000 ပြည့်နှစ်မှာတော့ အောင်မြင်မှုရဲ့ အဓိကလမ်းကြောင်းပေါ်ကို In Blue ဆိုတဲ့ Pop Album နဲ့အတူ ရောက်လာခဲ့ပါတယ် 

ဒီ Album စရောင်းချခဲ့တဲ့ ပထမဆုံးအပတ်မှာပဲ UK, Ireland, Australia, Germany, Switzerland နဲ့ Australia တို့မှာ အရောင်းစာရင်း နံပါတ် တစ် ဖြစ်ခဲ့တယ် ဒုတိယအပတ်မှာတော့ ဆွီဒင်နဲ့ စပိန်မှာ နံပါတ် တစ် ဖြစ်လာတယ်
အဲ့ဒိ Album နဲ့ပဲ The Corrs တွေဟာ Platinum sales in the US, Double platinum in the UK နဲ့ Quadruple platinum in Australia ဆိုတဲ့ ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်ခဲ့ကြတယ်

အခု Link ချပေးထားတာကတော့ Unplugged အခွေလေးပါ အခွေကြည့်ပြီး နားထောင်ဖူးသူတွေကတော့ အိုင်းရစ်လေးယောက်ရဲ့ ချစ်စရာမျက်နှာလေးတွေကို ပြန်မြင်ယောင်မိကြမယ်ထင်ပါရဲ့ (အခုတော့ အသက်တွေအတော်ကြီးကုန်ကြပြီ)
Zip ဖိုင်ပဲ Download ပေးဆွဲတာတွေ့လို့ Zip အနေနဲ့ပဲ Download Link ကို ပေးထားတာပါ


ညတွေကို အေးချမ်းစေတဲ့ သီချင်းလေးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့ဗျာ

Admin : ည



Caroline Georgine Corr
(Born Dundalk, Ireland, 17 March 1973)
drums, bodhran, backing vocals

James Steven Corr
acoustic and electric guitars, keyboards, backing vocals
(born Dundalk, Ireland, 31 July 1968)

Sharon Helga Corr
violin, backing vocals
(born Dundalk, Ireland, 24 March 1970)

Andrea Jane Corr
lead vocals, tin whistle 
(born Dundalk, Ireland, 17 May 1974)


Add caption


Tuesday, August 23, 2016

နံရိုးပုံပြင်

နံရိုးပုံပြင်

                                      
အစက ဒီလိုဗျ။
မောင်အာဒမ်တစ်ယောက် ဘယ်အလေလိုက်နေမှန်း မသိခိုက်မှာ
ဧဝနှစ်ယောက်ဟာ ကောက်ကာငင်ကာ တွေ့ကြသတဲ့။


သူတို့အကြောင်းနံရိုးလေးနှစ်ချောင်းနဲ့ ပြောမယ်ဗျာ။
ပထမနံရိုးဟာအရင်က စိတ်ပျက်ပင်ပန်းနေခဲ့တာ မှန်းလို့ရလောက်အောင်ကို ခုကျမှ တက်ကြွရွှင်လန်းနေတာ သိသာလွန်းလှရဲ့။
ဒုတိယနံရိုးကတော့သူ့ကိုယ်သူ နံရိုး မဖြစ်ချင်ဘူးလို့ ငြင်းထားတဲ့ သူ။


ကဲ! နံရိုးလေးတွေရဲ့စကားအချီအချကို နားထောင်ကြည့်ပါဦး။

ဒုတိယနံရိုးဟာစကားစ ရှာနေတယ်။ရမယ့် ရတော့လည်း အဆက်အစပ်မရှိကို စပြောတော့တာပဲ။
“နင် အရင်ခန္ဓာကိုယ်မှာ နေရတာဘယ်လို နေလဲဟင်…။

ပထမနံရိုးလေးကတစ်ချက်ငြိမ်သွားပြီး ခပ်အေးအေးပဲ ပြောတယ်။
“ဒီလိုပါပဲဟာ.. နေရတာ သက်တောင့်သက်သာ မဖြစ်ဘူးလေ။ ပြီးတော့ နံရိုးဆိုတာကလည်း ခန္ဓာကိုယ်မှာ ငါ့အပြင် အများကြီးရှိတာကိုး။ ငါဟာ သိပ်အရေးမပါသလိုမျိုး၊ အဲဒီလို အံဝင်ခွင်ကျမဖြစ်နိုင်တော့ဘူးလို့ ခံစားရတာနဲ့ငါထွက်လာခဲ့တာ။ နင်ကရော။”

ပထမနံရိုးရဲ့စကားအဆုံးမှာပဲ ဒုတိယနံရိုးဟာ တစ်ချက်ပြုံးပြီး သူ့အကျင့်အတိုင်း မြန်မြန်ဆန်ဆန်ပြောတယ်။
“ငါကကျတော့ငါ့ကို နံရိုးလို့ သတ်မှတ်လိုက်ကြတဲ့ အချိန်က စပြီး နံရိုးမဖြစ်ချင်တော့တာဟ။ အဲ့တော့လူယောင်ဆောင်ကြည့်တယ်လေ။ ဒါလည်း  မလွယ်ပါဘူးဟာ။ငါ့ကို တခြားနံရိုးတွေကရော လူသားတွေကပါ ဝိုင်းကျဉ်ကြရော..စံလွဲနံရိုးဆိုပြီးတော့………………..အင်း…တစ်ချို့တလေကတော့ သဘောကောင်းကြပါတယ်။ ပြီးတော့ ငါ့လို နံရိုးတွေလည်း ရှိသေးတယ်ဆိုတာနောက်တော့ ငါတွေ့လာရတယ်။”

စကားလည်းဆုံးရော၊ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားလည်သွားသလို ငြိမ်သက်သွားကြပြန်တယ်။


ခဏကြာတော့ဒုတိယနံရိုးဆီက အသံထွက်လာတယ်၊ဒါပေမယ့် မသဲမကွဲ.. သူ့ဘာသာ တစ်ကိုယ်တည်း တီးတိုးညည်းလိုက်သလိုမျိုးပဲ။
“နင် နံရိုးတစ်ချောင်းကို ချစ်ဖို့ရော စိတ်ကူးကြည့်ဖူးလားဟင်။"

ဘာလို့လဲဆိုတဲ့ ရုပ်နဲ့ ပထမနံရိုးလေးက မျက်လုံးပြူးကြည့်တယ်။

“……………….”“………………………” “ငါ.. ငါနင့်ကို ချစ်သွားလို့ပါဟာ…ဒါပေမယ့် ငါက နံရိုးဆိုတော့ …..” ဒုတိယနံရိုးလေးဟာသူ့စကားကို သက်ပြင်းအရှည်ကြီးနဲ့ ရောချသွားတယ်။

ပထမနံရိုးလေးဟာအေးအေးသက်သာကို ပြုံးလိုက်ပါတယ်။
“နင်ကလည်း ဘာများလဲလို့…………၊စကားမစပ်.. နင်သိလား….လူသားကိုယ်မှာတွယ်ငင် လိုက်ပါနေရလို့ ငါတို့ကို သူတို့က နံရိုးလို့ ခေါ်ကြတာဟ..ခုနင်ရော ငါရောကိုနံရိုးလို့ ခေါ်လို့ မရတော့ဘူးလေ.…ဘယ်သူ့ကိုယ်မှာမှ ဖြည့်စွက်မှီတွယ်ပြီးလည်း မနေတော့တဲ့အတွက် ငါတို့က ငါတို့ ဖြစ်သွားပြီ…။”

ဒုတိယနံရိုးဟာအူတိအူကြောင်နားထောင်နေတယ်။ သူအမီလိုက်နေရတုန်းပဲ…။
ပထမနံရိုးဟာ အဲ့ကျမှ သဘောပေါက်သွားတယ်..သူသိပ်သိုင်းဝိုင်းနေလို့ မရတော့ဘူးဆိုတာ။

“ဒီမှာ… ငါ့ကိုကြည့်ပြီး သေချာနားထောင်ဦး… ငါလည်း နင့်ကို ချစ်တယ်ဟ၊နင့်ကို စတွေ့တည်းက ချစ်တာပဲ၊တကယ်ပြောတာ၊ နေဦး……. နင်က နံရိုး လို့ ပြောဦးမလို့လား....နင်နံရိုးလည်း ဘာဖြစ်လဲ…ငါချစ်တယ်…။”



အင်း…. အဲဒီနေ့ကစပြီးတော့ပေါ့လေ.. နံရိုးလေးတွေဟာ ထောင်လျက်သား ရှိကြရင်  တစ်ယောက်ကို တစ်ယောက် မှီထားကြတယ်၊ လှဲလျက်သား နေရရင်လည်းဘေးချင်းယှဉ်နားကြတယ်

သူတို့ဟာနံရိုးနှစ်ချောင်းသာဖြစ်လို့ အရင်လို နံရိုး၊လူသား ဘုန်းကံ အဆင့်အတန်း တံဆိပ်ကပ်ခွဲခြားခြင်းတွေမတွေ့နိုင်တော့ဘူး။

အရင်လို နံရိုးဆိုတာခန္ဓာကိုယ်တစ်ခုမှာ ဝင်ရောက်ဖြည့်စွက်နေရသလိုသတ်မှတ်ခံရခြင်းမျိုးလည်း မရှိ၊ သူတို့ကို ကြည့်ရတာ.. နံရိုးအချင်းချင်းမို့ တစ်ယောက်ဘဝကိုတစ်ယောက် အလုံးစုံ သိနားလည်ခြင်းမျိုး ရှိနေသလို ဥတုရာသီ အလီလီ ဖြတ်သန်းနေကြတယ်။


အဟမ်း ….ကျွန်တော်တို့မေ့လျော့နေကြတဲ့ ဇာတ်လိုက်ကျော်ကြီး………..
နံရိုး ဟောင်းလောင်းနဲ့မောင်အာဒမ်တစ်ယောက်ဟာဖြင့်
နံရိုးနှစ်ချောင်းကိုခေါင်းတရမ်းရမ်းနဲ့သာ ကြည့်နေရှာပါတော့တယ်။


နမ်မီးဆစ်
17.6.2013
 6:36 Am